ဒီခေါင်းစဉ်ဟာ အစ္စလာမ်ဘာသာဝင်များအတွက် အလွန်ပဲအရေးကြီးပါတယ်။ သိပ္ပံကမှန်လို့ အစ္စလာမ်မှန်တာပါလို့ ပြောနေတာ မဟုတ်ပါဘူး။ သိပ္ပံဟာအမြဲတစေ မှန်နေမယ်ဆိုရင် အဲ့ဒီအ ဆိုပြုချက်ဟာ သိပ္ပံနည်းမကျဆုံး အဆိုပြုချက်ပါ။ သိပ္ပံကလည်း နောက်ထပ်တွေ့ ဦးမယ်ပြောတယ်။ “There is room for improvement” နောက်ထပ်တွေ့စရာ မရှိဘူးလို့ပြောလာရင် ပြောတဲ့သူဟာ သိပ္ပံနည်းမကျဆုံး ပုဂ်္ဂိုလ်ပဲ။ ဒီလိုအသိပညာမျိုးကို ယာယီမှန်သော အသိပညာ၊ တစ်ခုပေါ်မှာ တစ်ခုမှီပြီးမှန်သော၊ ပညတ်သဘောဆောင်သော ပညာရပ်လို့ခေါ်ပါတယ်။
ဒီပညာတွေကို ဘယ်လိုအသုံးချမလဲ။ အသုံးချတတ်ရင် ကျွန်တော်တို့ အီမာန်ခိုင်မာရေးအတွက် အထောက်အကူ ဖြစ်မယ်။ အသုံးမချတတ်ရင် အဲ့ဒီခေတ်ရဲ့မြောင်းထဲ ကျသွားလိမ့်မယ်။ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အမေးတွေကို အဖြေပေးဖို့အတွက် ဒီပညာရပ်တွေရဲ့ အကူအညီနဲ့ အပြင်ပန်း ရုပ်လက္ခဏာတွေကို စမ်းစစ်ပြီးတော့ လိုအပ်တဲ့လူကို လိုအပ်သလို အသိပေး ဖို့ ပါ။ (၉၆)ပါးသော ရောဂါအားလုံးကို ဆေးတစ်ခွက်တည်းနဲ့ ကုလို့မရဘူး။
“ဒီန်”ကို“ဒါဝဟ်” လုပ်တဲ့နေရာမှာ ကုရ်အာန်မှာပါရင်ပြီးရော၊ ဟဒီးဆ်မှာပါရင်ပြီးရော ယုံရင်ယုံကြ။ မယုံရင်“ကွဖ်ရေ့ကလမ်” ဆိုလို့မရပါဘူး။ သူတို့ဘာတွေ လိုအပ်နေလဲ၊ လိုတာကိုဖြည့် ပေးပါ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှ လူတန်းစားပေါင်းစုံ၊ လူ့အလွှာမျိုးစုံ၊ အသိဉာဏ်ပေါင်းစုံက လူတွေကို“ဒါဝဟ်” လုပ်တော့မယ်ဆိုရင် သူတို့တတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရမှာပါ။ ဒါတွေနဲ့ “သက်သေပြကာမှ” (သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ) အလ္လာဟ်ရှိတယ်လို့ ပြောနေတာမဟုတ်သလို သိပ္ပံကမှန်ပါတယ်ဆိုမှ ကုရ်အာန်က မှန်တာမဟုတ်ပါဘူး။ နျူးကလီး ယား (Neuclear Physicals) က ဦးချရတဲ့ သောင်ဟီးဒ်ပါ။ ခေတ်သစ်သိပ္ပံက ဦးချနေရတဲ့ သောင်ဟီးဒ်ပါ။ ဒီပညာရပ်တွေက မတွေ့သေးတဲ့ အမှန်တရားတွေ အများကြီးရှိပါ သေးတယ်။ နောက်ထပ်တွေ့လာဦးမယ့် အမှန်တရားတွေလည်း အများကြီးရှိပါသေးတယ်။
အဲ့ဒီအမှန်တရားတွေ ပေါ်ထွန်းလာပြီဆိုရင် အခုကျွန်တော်တို့က ဒီဇယားတွေ၊ ပုံတွေနဲ့ သက်သေပြထားရင် ဒီတွေ့ရှိချက်က ပြောင်းလဲသွားပြီဆိုပါစို့ဗျာ။ ကျွန်တော်တို့ တရားတွေကိုရော လိုက်ပြီးပြောင်းလိုက်ရမလား။
ဥပမာ-နျူးကလီးယား ရူပဗေဒပညာရပ်နဲ့ အလ္လာဟ်ရှိကြောင်း သက်သေပြမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ငါးဆယ် လောက်ကအက်တမ် (Atom)လို့ခေါ်တဲ့ အမှုန်လေး၊ ဂရိဘာသာစကားနဲ့ (A + Atoms = No to cut) နောက်ထပ် ခွဲစိပ်၍မရဘူးလို့ လူတိုင်းကယုံကြည် ထားကြတယ်။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ လက်နက်အပြိုင်အဆိုင် ထုတ်ဖို့ ကြိုးစားကြရင်းက၊ စက်မှု နိုင်ငံကြီးတွေ၊ သူ့ ထက်ငါရှာဖွေလိုက်တော့ သူ့ ထက်သေးငယ်နေတဲ့ အမှုန်ကို တွေ့လာရတယ်။ အက်တမ်ကို ထပ်မံခွဲစိတ်လို့ ရတယ်လို့ တွေ့ ခဲ့ရတယ်။ အကယ်၍များ အစ္စလာမ်ရဲ့ အမှန် တရားကို အဲ့ဒီအက် တမ်သီအိုရီ (Atom Theory) နဲ့ သက်သေပြခဲ့ရင် ခွဲစိတ်လို့  မရပါဘူးဆိုတဲ့ အက်တမ်က ခွဲစိတ်လို့ ရသွားခဲ့ရင် အဲ့ဒီအစ္စလာမ်ကရော ဘာဖြစ်သွားမလဲ စဉ်းစား ကြည့် ပါ။
သိပ္ပံနဲ့သက်သေ ပြတဲ့နေရာမှာ သတိကြီးစွာထားရပါမယ်။ သိပ္ပံရဲ့ ယာယီမှန်ကန်မှုကို အသုံးချတတ်ရပါမယ်။ အဲ့ဒီလို အသုံးမချတတ်ရင်တော့ သိပ္ပံပြောင်းသွားတာနဲ့ အစ္စလာမ်ပါပြောင်း သွားသလားလို့ဖြစ်သွားမယ်။ အသိပညာဆိုတာ အသွင်(၂)မျိုးရှိတယ်။ တစ်နဲ့တစ်ပေါင်းပြီး နှစ်ဖြစ်တာဟာ တစ်ခုပေါ်တစ်ခုမှီပြီး မှန်ရတဲ့အမှန်တရား။ တစ်နာရီနဲ့ တစ်လပေါင်းလို့ ဘယ် တော့မှ“နှစ်” ဖြစ်မလာပါဘူး။ တစ်နဲ့တစ်ပေါင်းခြင်းဟာ နှစ်ဖြစ်ပါတယ်ဆိုရာမှာ အရာတစ်ခုကို မှီပြီးတော့မှ Unit လို့  ခေါ်တဲ့ သတ်မှတ်ထားတဲ့ (ဥပမာ-အချိန်ကို သတ်မှတ်ထား တာဖြစ်စေ Measurement လို့ခေါ်တဲ့ တိုင်းထွာမှုကို သတ်မှတ်ထားတာဖြစ်စေ) အဲ့ဒီအပေါ်မှာ မှီပြီးမှမှန်တဲ့အမှန်တရား။ အဲ့တာကို Relative Truth လို့ခေါ်တယ်။ “သမုတိသစ္စာ” ယာယီမှန်တဲ့ အမှန်တရားမျိုးပါ။ အစ္စလာမ်ဆိုတာက “အလ်ဟတ်(က) Absolute Truth လို့ခေါ်တယ်။ နေရာတိုင်းမှာမှန်တယ်။ ဆော်ဒီအာရေဗီးယားမှာ မှန်သလို၊ မီယာအာကာ သစခန်းမှာ သွားကြည့် ရင်လည်း အစ္စလာမ့်အမှန်တရားက မှန်နေဦးမှာ ပဲ။ “လာမကမ်၊ လာဇမန်” အချိန်နဲ့ နေရာ (Time and Space) ကိုကျော်လွန်ပြီးမှန်တဲ့ အမှန်တရားပါ။
အဲဒီလိုမှန်တဲ့ အလ်ဟတ်(က်) (Absolute Truth) ကို ယာယီမှန်တဲ့ သမုတိသစ္စာ (Relative Truth) နဲ့ သက်သေပြရင် သတိကြီးစွာထားရမယ်။ အဲဒီလိုသတိကြီးစွာ မထားရင် ကျွန်တော် တို့အတွက် အထောက်အကူ မဖြစ်တဲ့အပြင် အန္တရာယ်တောင်မှ ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ဓမ္မန္တရာယ်တွေ ဆိုက်ရောက်နေတာ ဒီအန္တရာယ်တွေကို မမြင်ကြလို့ပဲပေါ့။ အမှန်တရား နှစ်မျိုး ရှိတယ်ဆိုတာ သဘောမပေါက်လို့ပဲပေါ့။ တစ်နှင့်တစ်ပေါင်း နှစ်ရတယ်ဆိုတာ မမှန်ဘူးလို့ ဘယ်သူကပြောလို့ရမလဲ။ အဲဒါ ယာယီသစ္စာ၊ ခေတ္တယာယီအကြောင်း တစ်ခုကိုမှီပြီးမှ မှန်တဲ့သစ္စာ မျိုးကိုခေါ်တာပါ။ သင်္ချာဗေဒ တစ်ခုလုံးဟာလည်း အဲဒီအပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတာပါ။ အဲဒါကိုမမှန်ဘူးလို့ ဇွတ်ငြင်းလို့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့ကန့်သတ်ချက်ကိုတော့ အသိအမှတ်ပြုပြီး သဘောပေါက်ထားရမယ်။
ကျွန်တော်တို့ရဲ့ စွဟာဘာကြီးတွေနဲ့၊ ပေါက်မြောက်အောင်မြင်သွားကြတဲ့ ၀လီသူတော်စင်ကြီးတွေက ဒီကွမ်တမ်ရူပဗေဒ (Quantum Physics) အကြောင်းကို မသိကြပါဘူး။ ဒါပေမယ့် အစ္စလာမ်ကိုတော့ ကျွန်တော်တို့ထက် ပိုပြီးသိပါတယ်။ စာရှုသူများ လက်ခံပါသလားခင်ဗျား။ သာသနာဝင်များထဲက နိုဘယ်လ်ဆုရသွားတဲ့ ပါရဂူတွေရှိတယ်။ ဒီစွဟာဘာ တွေကတော့ သူတို့ထက် အစ္စလာမ်ကို ပိုသိပါတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သဲကန္တာ ရထဲမှာနေ၊ လှည်းခေတ်၊ လှေခေတ်မှာနေပြီး ဘာစာမှမတတ်တဲ့ စွဟာဘာကြီးတွေ အဲဒီပါမောက္ခ (Profes sor) ကြီးတွေထက် အစ္စလာမ်အကြောင်း ပို နားလည်ပါတယ်။
“မမြင်ရသောအရှင်အားကိုးကွယ်ခြင်း” ဆိုတာမြင်ရမှ ကိုးကွယ်ခြင်းခံထိုက်ပါသလား ဆိုတာကစပြီး စဉ်းစားပါမယ်။ မြင်တွေ့ရမှအမှန်တရား “Seeing is believing” ဆိုရင် စက္ခုအာရုံဟာ “Sense organ, Sight, Vision” သည် ဘယ်လောက်စိတ်ချရပါသလဲ။ ဒါကို ဆန်းစစ်ဖို့လိုပါတယ်။ လက်တွေ့မှ၊ မျက်တွေ့မှ ယုံတဲ့လူတွေလည်းပဲ ရှိတယ်။ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့် လိုက်တာနဲ့ . . . .
ရှင်းလင်းပြတ်သားပါတယ်ဆိုတဲ့ ကုရ်အာန်ဘယ်သူ့အတွက် Guidance ဖြစ်မလဲ။ “မွတ္တကီ” တွေအတွက်တဲ့။ အဲဒီ “မွတ္တကီ” ဆိုတဲ့ သက္က၀ါတရားထားကြတဲ့ ပုဂ်္ဂိုလ်တို့ဟာ ဘယ်ကဲ့သို့ သော ပုဂ်္ဂိုလ်တွေလဲဆိုတော့ “To believe in the unseen” ရုပ်ခန္ဓာစက္ခုဖြင့် မမြင်ရသောအရာကို အသိဥာဏ်စက္ခုဖြင့် ယုံကြည်တဲ့သူ၊ အဲဒီသူအတွက် ကုရ်အာန်လို့ ပြောထား တာပါ။ သူ့ အတွက် အဲဒီကုရ်အာန်ဟာ ရှင်းနေတယ်လို့ပြောတာပါ။ သက်သေတွေ၊ သာဓကတွေရှိကာမှ ယုံမယ်ဆိုတဲ့ သူတွေအတွက် ဒီကုရ်အာန်ဟာ “ဟုဒလ်” မဖြစ်ဘူး။ လမ်းညွှန် (Guidance) မဖြစ်သေးဘူး။ အဲဒီလူတွေအတွက် (ရှင်းလင်းမှု) မိုဘီးန်လည်း မဖြစ်နိုင်ဘူး။ လူ့အာရုံနှင့် ထိတွေ့စမ်းသပ်လို့ မရတဲ့ အရှိတရားကိုယုံမှ ကုရ်အာန်ဟာ သူတို့အတွက် ရှင်းလင်းသွားမယ်။
အကွယ်မှအမှန်တရားများကို လက်ခံလာနိုင်တဲ့ အဆင့်မရောက်သေးရင်ရှာဦး။ ကုရ်အာန်က ရှာခိုင်းထားတယ်။ အကွယ် (Unseen) ကိုမယုံသေးတဲ့ သူအတွက်ကို ယုံအောင်လို့ ပြထားတာ လေ။ အဲဒီတော့ အာရုံ(Senses) တွေဆိုတာ ကန့်သတ်မှုတွေရှိတယ်။ မြင်မှယုံမယ်ဆိုတဲ့ ယုံကြည်ချက်ရဲ့ အခြေခံတရားဟာ ဘာကြောင့်ဖြစ်လာရတာလဲ။ သမိုင်းနောက်ခံနဲ့ကျွန်တော်ပြော ပြမယ်။ ယုံကြည်မှုရဲ့ နောက်ကြောင်းလေးကို သဘောပေါက်ထားဖို့ လိုမယ်။ ကျွန်တော်စကားတစ်လုံး သုံးထားပါတယ်။ “ကိုးကွယ်ခြင်း” တဲ့။ ဒါကိုရှင်းချင်လို့ သုံးထားတာ။ “ကိုးတယ်” ဆို တာ အားကိုးတယ်။ “ကွယ်တယ်” ဆိုတာ အကာအကွယ်ယူတာ။ အစ္စလာမ်ကပြောတဲ့ သမိုင်းတော့ မဟုတ်ဘူးနော်။ ကိုးကွယ်မှုရဲ့ သမိုင်းအစကို ပြန်ကြည့်ရင် “Comparative Study” ဘာသာပေါင်းစုံကို နှိုင်းယှဉ်ပြီးလေ့လာကြတဲ့ ဘာသာရေးပါရဂူများက လူသားတွေမှာ ကိုးကွယ်မှု ဘယ်လိုစတင်ပြီး ဖြစ်လာတယ်ဆိုတာကို သူတို့ရဲ့ဆင်ခြင်တုံတရားမှာ အခြေခံပြီးသုံး သပ်တဲ့အခါမှာ သမိုင်းဦးခေတ် ကျောက်ခေတ်လူသားတွေဟာ သဘာဝရဲ့ စွမ်းအားတွေကို တွေ့ရတဲ့အခါ သူတို့ဟာတုန်လှုပ်ကြတယ်။ ခြောက်ခြားကြတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာ ရှင် သန်ကြီးထွားမျိုးပွားရတဲ့အခါမှာ လိုအပ်ချက်တွေ ရှိလာတယ်။ လိုအပ်ချက်တွေကို အကြောက်တရားအပေါ်မှာ အခြေခံပြီး အဖြေရှာမိကြတယ်။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျားရဲသတ္တ၀ါ တွေ အဲဒီ Predators and Prey သားကောင်ကို လိုက်ရှာနေသူ၊ မိမိက သားကောင်ဖြစ်လိုက် မုဆိုးဖြစ်လိုက်နဲ့ ဖြစ်စဉ်ကြီးမှာ မိမိထက်အားကောင်းတဲ့ သတ္တ၀ါတွေ၊ သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အကာအကွယ်ဆိုတာလည်း လိုလာတယ်။ ရာသီဥတုဘေးဒဏ်များက အကာအကွယ်ဆိုတာလည်း လိုလာမယ်။ တခြားတခြားသော ဘေးအန္တရာယ်ကနေ ကာကွယ် ဖို့ အကာအကွယ်ပေးနိုင်မယ့် အားကိုးလောက်မယ့် အရာကို သူတို့ ရှာလာတယ်။ ကာကွယ် ဖို့လည်းလိုတယ်။ အားကိုးဖို့လည်းလိုတယ်။ အဲဒီတော့ ကိုးကွယ်ရာကို ရှာကြပြီ လေ။
သစ်ပင်ချင်းပွတ်တိုက်ပြီး မီးထွက်လာတော့ ဒီမီးဟာ မှောင်မိုက်မှုကိုလည်း လင်းစေတယ်။ ချမ်းအေးမှုမှလည်း ကာကွယ်ပေးတယ်။ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေး နိုင်တယ်။ ရလာတဲ့ အသားငါးတွေ ကိုလည်း ချက်ပြုတ်လို့ရတယ်။ မီးရဲ့ ဂုဏ်သတ်္တိတွေက မနည်းပါလားလို့တွေးမိရင်းက အားကိုးလောက်တဲ့အရာ ဖြစ်တဲ့မီးကို ကိုးကွယ်လာတယ်။ မီးနတ် ကိုးကွယ်မှုပေါ်လာရပါတယ်။ ဒီလိုနဲ့ပဲ သဘာဝရဲ့ စွမ်းအင်တစ်ခုချင်းကို လေနတ်၊ မိုးနတ်၊ တောတွေတောင်တွေ၊ နက္ခတ်တာရာတွေ ဒါတွေအားလုံးကို ကိုးကွယ်ရာ အရှင်အဖြစ်နဲ့လက် ခံ လိုက်ကြတယ်။
ဘာသာပေါင်းစုံကို လေ့လာတဲ့သူတွေသာ ကျမ်းမြတ်ကုရ်အာန်ကို သေချာလေ့လာမိမယ်ဆိုရင် အီဗရာဟီမ် သခင်ကြီးက သဘာဝကိုရှုပြီး ဖြစ်ပြီးပျက်တတ်တဲ့အရာတွေကို ကြည့်ပြီး ကိုး ကွယ်ရာအဖြစ်မှ ပယ်ချခဲ့တယ်ဆိုတာကို တွေ့သွားရင် ဒီမှာတင်ကိစ္စပြတ်ပြီပေါ့။ တမန်တော်အီဗရာဟီမ်ရဲ့ ဖြစ်ရပ်တော်များကို ဒီနေ့ကျွန်တော်တို့ကို စွပ်စွဲနေကြတဲ့ ပုဂ်္ဂိုလ်များ နားရှင်းသွား အောင် ကျမ်းမြတ်ကုရ်အာန်က တိုတိုလေးနဲ့ ရှင်းပြထားတယ်။ တမန်တော်အီဗရာဟီမ်ဟာ သဘာဝကို သေချာစူးစမ်းလေ့လာတယ်။ တမန်တော်အီဗရာဟီမ်က မိမိတို့အမှန်အစစ်ကိုးကွယ် ရာအားထားရာ ဘာလဲဆိုတာ ရှာလိုက်တဲ့အခါမှာ ခေတ္တယာယီအားကိုးရာ ဖြစ်သော်လည်း မမြဲတဲ့သဘောနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို ပယ်ချခဲ့တယ်။
နေမင်းကြီးက ထွက်လာတယ်။ ပြီးတော့ပျောက်ကွယ်သွားပါတယ်။ လမင်းကြီးလည်း ဖြစ်လိုက်၊တည်လိုက် ပြီးတော့ ပျောက်ပျက်သွားလိုက်ပဲ။ ဖြစ်တည်ပျက်၊ မမြဲတဲ့အနိစ္စ ”ဖွနာ” သဘော မှာပါနေတဲ့အရာတွေကို ဘယ့်နှယ်လုပ် ကိုးကွယ်လို့ဖြစ်မလဲ။ ပယ်ချလိုက်တယ်။ အစ္စလာမ်က ဒါတွေကိုအစောကြီး ကတည်းက ပယ်ပြီးသားပါ။ ဒါပေမယ့် ဒီပုဂ်္ဂိုလ်တွေက ဆက်ယူထား တယ်။ သဘာဝအင်အားစုတွေကို ကိုးကွယ်ရာကနေပြီး တစ်ဆင့်တတ်လာတော့ လူသားများအတွင်းက အသိဉာဏ်ရှိတဲ့၊ အားကောင်းမောင်းသန်သူတွေကို အားကျပြီး၊ အထင်ကြီးပြီး သူ တို့ရဲ့ ဦးစီးနာယကအဖြစ်၊ ခေါင်းဆောင်အဖြစ်တင်တယ်။ တင်ရာကနေပြီး လူသားကိုကိုးကွယ်ရာအဖြစ်နဲ့ ပြုလိုက်ကြတယ်။ သဘာဝနဲ့ လူကိုးကွယ်ရာမှ မမြင်ရတဲ့ နတ်ဒေ၀ါတွေ၊ နတ် ဗြဟ္မာတွေကို ကိုးကွယ်မှုဖြစ်လာတယ်။ ဒါကြောင့် လူသားတို့ရဲ့ ကိုးကွယ်မှုဆိုတာဟာ “အကြောက်တရားကို အခြေခံပြီး မိမိတို့က ဖန်တည်းထားတဲ့ နတ်ဘုရားများကို ပူဇော်ပသရတဲ့ ပူဇော်မှု များဖြစ်တယ်” လို့ ဆန်းစစ်လာခဲ့ကြပါတယ်။
ဒီနတ်ဘုရားတွေရဲ့ အမျက်ကိုပြေစေဖို့အတွက် ပူဇော်ပသမှုတွေလုပ်ရတယ်။ ဒီနတ်ဘုရားတွေရဲ့ အလိုတော်ကျဖို့အတွက် လာဘ်လာဘထိုးတဲ့အနေနဲ့ ပူဇော်မှုတွေ လုပ်ရတယ်။ အမြှောက် တရားနဲ့ အခြောက်တရားပေါ်မှာ အခြေခံနေတဲ့ လွဲမှားသော ကိုးကွယ်မှုသမိုင်းကြီးကို အဲဒီပုဂ်္ဂိုလ်တွေက အဟုတ်အမှန်ဆိုပြီး ကိုးကွယ်ရာ အရှင်ကိုသည်ပင်လျှင် အဲဒီကိုးကွယ်မှုတွေကို အ ခြေပြုပြီးတော့ လူသားများဘက်က ဖန်တီးထားတဲ့ ထာဝရဘုရားဆိုတာ နတ်ဘုရားကြီးတစ်ဆူပဲလို့ ကောက်ချက်ချ ထားကြပါတယ်။ ဒီအတွေးအခေါ်မျိုးတွေ ရိုက်သွင်းနေကြပါတယ်။ ပုံ သဏ္ဍာန်အမျိုးမျိုးနဲ့ ကျွန်တော်တို့ လူငယ်တွေကြားရောက်အောင် ပို့နေပါတယ်။ ပြီးတော့ စကားလုံးဘယ်လို ထည့်လိုက်သလဲဆိုရင် “ဟိုကိုးကွယ်ရာတွေကတော့ မြင်သာတယ်၊ ထင်သာ တယ်။ မီးကို၊ နေကို ကိုးကွယ်သူအတွက် မီးမြင်ရတယ်။ နေမြင်ရတယ်။ လူကိုးကွယ်သူ အတွက်လည်း မြင်နေရတယ်။ ဆုံးသွားသည့်တိုင်အောင် ရုပ်တု၊ ရုပ်ပွားနဲ့ တွေ့နိုင်တယ်။ သူတို့ ရှိခဲ့ ကြောင်းသမိုင်းမှာ အထောက် အထားနဲ့ရှိတယ်။ မင်းတို့ကိုးကွယ်ရာကျတော့ မမြင်ရတော့ပါလား” ဆိုတော့ ဟုတ်သလိုလို ဖြစ်သွားတယ်။
ကျွန်တော်တို့နဲ့က အခြေခံယူဆချက်ကိုက မတူဘူးလို့ ပြောရမှာပါ။ မြင်ရမှကိုးကွယ်ခြင်း ဖြစ်မလားဆိုတာက စပြီးရှင်းရမယ်။ အစ္စလာမ်သာသနာရဲ့ သဘောအရ အဲဒါတွေဟာ လုံးဝ ကိုး ကွယ်ခြင်းခံထိုက်တဲ့ စာရင်းမှာမ၀င်ပါဘူး။ အခုနက ကျွန်တော်အစီရင် ခံခဲ့သလိုပဲ အာဒမ်နဗီနဲ့ မလာအိကာများ ဖြစ်ရပ်ကလေးကို ဆူရာဘကရာမှာ မီးမောင်း ထိုးပြခြင်းအားဖြင့် ကျွန်တော် တို့ ဘာကိုတွေ့သွားသလဲဆိုတော့ တော၊ တောင်၊ နက္ခတ်တာရာ၊ ဂြိုဟ်၊ ပုဂ်္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ အဲဒါတွေ အားလုံးထဲမှာ၊ ဖန်ဆင်းခံအားလုံးတို့ထဲမှာ လူသားသည် အမြတ်ဆုံး “အ ရှရဖုလ်မာခ်လူကတ်” မဖြစ်တဲ့အတွက် မိမိကနေ အဲဒီဘ၀ အင်အားစုတွေကို စိုးမိုးချုပ်ကိုင်ပြီး မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို သာယာအောင်၊ အေးငြိမ်းအောင် လုပ်ရမယ်ဆိုတဲ့ ဒီလူသား ဟာ မိမိရဲ့ လက်အောက်ခံများဖြစ်တဲ့ အဖန်ဆင်းခံ မမြဲတဲ့ “ဖွနာ” သဘောဆောင်တဲ့ ရုပ်၊ နာမ်၊ ဓမ္မသင်္ခါရတို့နဲ့ မကင်းတဲ့ဟာတွေကို ဘယ်လိုလုပ်ပြီး ကိုးကွယ်ရာအဖြစ် သတ်မှတ် လို့ကော ရဦးမှာလဲ။
အစ္စလာမ်ရဲ့ ယုံကြည်ချက်၊ ကိုးကွယ်ခြင်း အစစ်အမှန်ဆိုတာက အဲဒီလိုမမြဲတဲ့ ရုပ်၊ နာမ်၊ ဓမ္မ သင်္ခါရနဲ့ စုဖွဲ့ထားတဲ့ Impermanent လို့ခေါ်တဲ့ ရုပ်ကလပ်တွေ၊ နာမ်ဓာတ်တွေအားလုံးတို့ ဟာ ကိုးကွယ်ခြင်းခံထိုက်တဲ့ စာရင်းထဲမှာ မပါဘူးဆိုတာ ကျွန်တော်တို့ရဲ့ အခြေခံခံယူချက်ပဲ။ First argument ပထမငြင်းချက်ထုတ်ရမှာက ကိုးကွယ်ခြင်းခံထိုက်သော အရာမျိုးသည် မ မြဲတဲ့သဘောနဲ့ လုံးဝကင်းနေရမယ်။ အဲဒီမမြဲတဲ့ သဘောနဲ့က လုံးဝကင်းနေတဲ့ အရာများသည် မျက်စိနဲ့မြင်နိုင်ပါ့မလား။ သိပ္ပံသဘောအရ၊ ရူပဗေဒသဘောအရ ရုပ်ဝတ္ထုများကိုသာ မျက်စိနဲ့ မြင်နိုင်တာ မံသအာရုံခံအင်္ဂါက ရုပ်ဝတ္ထုတစ်ခုကို မြင်တွေ့လိုက်တဲ့ အခါမှာ စက္ခုအာရုံဆိုတာ ဖြစ်သွားတယ်။ စက္ခုအာရုံဟာ မျက်လုံးရဲ့အကြည်ဓာတ်မှာ လာထင်ပါတယ်။ နာဗ်ကြောမှတစ် ဆင့် ဦးနှောက်ကိုပို့တယ်။ ဦးနှောက်ကမှ ဒါဟာဘောလ်ပင် ဖြစ်တယ်။ မြေဖြူဖြစ်တယ်စသည်ဖြင့် ခွဲခြားပြီး ပြန်သတင်းပို့တယ်။ စက္ခုအာရုံကျက်စားနိုင်တာမျိုးက ရုပ်ဝတ္ထု ပစ္စည်းမျိုး ပဲဖြစ် တယ်။
ဆက်ပြီးမေးခွန်းထုတ်ရမှာက ရုပ်ဝတ္ထုပစ္စည်းသည် ကိုးကွယ်ခြင်းခံထိုက်သလား။ မမြင်ရရင်မယုံဘူး။ မမြင်ရရင် ကိုးကွယ်ခြင်းမခံထိုက်ဘူးဆိုရင် မြင်ရသောအရာကကော ကိုးကွယ်ခြင်း ခံ ထိုက်ပါသလားလို့ ထပ်ပြီးမေးခွန်း ထုတ်ကြည့်ရပါမယ်။ ဆန်းစစ်ကြည့်ရအောင်။ မမြင်ရတဲ့အတွက် မကိုးကွယ်ဘူးဆိုရင် မမြင်ရတဲ့အတွက် အရည်အသွေး (Qualification) တစ်ခု လျော့ နည်းနေရင် မြင်ရသောအရာကရော ကိုးကွယ်ခြင်းခံထိုက်တဲ့ အရည်အသွေးနဲ့ ပြည့်စုံနေပါသလား။ သေချာပြန်ဆန်းစစ်ရအောင်နော်။ ဒီလိုဆန်းစစ်လိုက်တဲ့အခါ ရုပ်သဘောသည် သာလျှင် မြင်တွေ့လို့ရတယ်။ ဒီရုပ်သည် ဖြစ်ပျက်အစဉ်လို့ ခေါ်တဲ့ “ဖွနာ” သဘောထဲမှာ ရှိနေတဲ့အတွက် ကိုးကွယ်ခံထိုက်တဲ့ စာရင်းထဲမှာ ပါမှာမဟုတ်တော့ပါဘူး။ ရှင်းပါတယ်။
ရုပ်သဘောနဲ့မတူတဲ့ နာမ်တရားလည်းရှိသေးတယ်။ ဥပမာ-မေတ္တာထားတယ်၊ ကရုဏာထားတယ်၊ ကြေကွဲဝမ်းနည်းတယ်၊ ဒေါသထွက်တယ်ဆိုတဲ့ ခံစားမှုများ Feeling Emotion ဒါဟာ နာမ်တရားပဲ။ ဆရာမကြီး B.A, B.L အောင်ထားတယ်လို့ပြောတယ်။ သက်သေပြပါ။ ဘယ်လိုပြကြမလဲ။ ကင်မရာနဲ့ ရိုက်ထားမလား၊ ပေကြိုးနဲ့ တိုင်းပြရမလား။ မရပါဘူး။ ဒါဟာသူ့အသိ ပညာဆိုတဲ့ နာမ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုဖြစ်တယ်။ ဟိုလူကြီး အကျင့်စာရိတ္တကောင်း ပါတယ်၊ Character သူ့ရဲ့စာရိတ္တဆိုတဲ့ သီလခန်းကို ဆန်းစစ်ပေးပါဆိုရင် ဘယ်လိုမှတ်ကျောက် တင် စစ်ဆေးမလဲ။ ရွှေကိုမှတ်ကျောက်တင်သလိုတင်ပြီး စစ်လို့ရပါ့မလား။ ဒါ မြဲတဲ့သဘော မဟုတ်သေးဘူးနော်။ နာမ်ပိုင်းဆိုင်ရာရဲ့ သဘောတွေကို ပြောနေတာ။ မိခင်က သားသမီးအပေါ်ထား တဲ့ မေတ္တာဆိုတာ အမှန်တရား တစ်ခုမဟုတ်တော့ဘူးလား။
လောကရဲ့သစ္စာတစ်ခု မဟုတ်တော့ဘူးလားခင်ဗျာ။ ဒီနေ့ကျွန်တော်တို့ မိသားစုတွေ ခရီးသွားတယ်၊ လေယာဉ်ပျံပျက်တဲ့ သတင်းကြားရင် စိုးရိမ်တယ်။ အဲဒီစိုးရိမ်မှုကို အနံ့အရသော်လည်း ကောင်း၊အသံအရ သော်လည်းကောင်း၊ မျက်စိအရသော်လည်းကောင်း အာရုံ(၆)ပါးနဲ့ ခံစားကြည့်ချင်ပါတယ် ဆိုလို့ရပါ့မလား။ အာရုံများနဲ့ ကျက်စားလို့ မရတဲ့ အမှန်တရားတွေဆိုတာနာမ် လောကအတွင်းမှာပင်လျှင် အများကြီးပဲရှိနေပါတယ်။ မျက်စိနဲ့ မမြင်ရလို့ ဒီအသိဉာဏ်များ၊ စိတ်ရဲ့ခံစားမှုများကို လက်မခံဘူးဆိုရင်တော့ အဲဒီလူဟာ သိပ်ပြီးအသိဉာဏ်နဲ တဲ့လူပဲဖြစ်မယ်။
ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင်တို့ဟာ လူ့အာရုံတွေနဲ့ ကျက်စားလို့ရတဲ့ ကိစ္စများမဟုတ်ပါဘူး။ ဥပမာနိဗ္ဗာန်ကို မျက်စိနှင့်မြင်မှ ယုံမယ်ဆိုရင်၊ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို လည်း အဲဒီပန်းတိုင်ကိုထိတွေ့ မြင်ကြည့်ပြီးမှ ကျင့်မယ်ဆိုရင် ယုတိ္တတန်ပါ့မလား။ ကျွန်တော်တို့ မမြင်ရတဲ့အရာကို ဘာလို့ကိုးကွယ်ရတာလဲလို့ မေးနေကြတဲ့သူတွေ သူတို့ဖာသာ သူတို့ အဲဒီမေးခွန်း မေးကြည့်ကြပေါ့။ မမြင်ရတဲ့ အမှန်တရားတွေ အများကြီးရှိသလို မြင်ရတဲ့ အမှားတရားတွေ အများကြီး ရှိပါတယ်။ “တံလျှပ်” ဆိုတာလူရဲ့အမြင်ကို မှားစေတဲ့အရာ ဖြစ်တယ်။ အဟုတ်ရှိ၊ တကယ်ရှိ မြင်နေရပြီ၊ ရေအိုင်ရှိတယ်လို့ ထင်နေရပြီ။ သဲကန္တာရမှာ ဖြစ်စေ၊ ပူပြင်းတဲ့ ရာသီချိန်မှာ ရေအိုင်လို့ထင်ရအောင် မျက်စိအမြင်အာရုံသွေခြင်း ဖြစ်လာတယ်။ ဒါဟာ အ လင်းပြန်ခြင်း နိယာမအရ အမြင်အာရုံလွဲမှားခြင်းသာ ဖြစ်ပါတယ်။ မျက်စိနဲ့ တကယ်မြင်နေရပြီ။ မှန်ပါသလား၊ ဒီနေ့မိုးကောင်းကင်မှာ ရှိနေတဲ့ အပြာရောင်ကြီး မျက်စိနဲ့ တကယ် မြင်နေရပြီ။ မြင်မှယုံ Seeing is believing ဆိုရင် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရဲ့အပေါ်မှာ အုပ်မိုးထားတဲ့ အပြာရောင်အမိုးကြီး ရှိကိုရှိရမယ်။ မျက်စိနဲ့ မြင်ရမှယုံမယ်၊ မမြင်ရရင် မယုံဘူးဆိုတဲ့ လူတွေ သွားမေး ကြည့်စမ်းပါ။ အာကာသယာဉ်နဲ့ လိုက်ပါသွားကြတဲ့ ပုဂ်္ဂိုလ်တွေ ဒီမိုးကောင်းကင် အပြာကြီးကို ဖောက်ထွင်းသွားကြပါသလား။
မေးကြည့်ကြပါ။ စက္ခုအာရုံမှာ မြင်နေရတဲ့ အမိုးပြာကြီး “အဲဒါအမှန်တရားလား၊ အလင်းရောင်စဉ်ခုနစ်မျိုးထဲမှာ အပြာရောင်ဆိုတဲ့ အလင်းရောင်ကသာလျှင် လေထုရဲ့ သိပ်သည်းခြင်းနဲ့ ညီ မျှတဲ့အတွက် ဒီအရောင်ကို အလင်းယိုင်ခြင်း နိယာမအရ ကျွန်တော်တို့စက္ခုမှာ လာမြင်နေရတာပါ။ မြင်နေရတဲ့ အမှားတရား အမြောက်အများရှိသလို မြင်လို့မရတဲ့ အမှန်တရားတွေလည်း အများကြီးပါ။ ဥပမာ- ရူပဗေဒသဘောအရ လျှပ်စစ် Electricity magnetism ဆိုတာ ရုပ်သဘာဝရဲ့ အခြေခံလို့ အများက သတ်မှတ်ထားကြတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလျှပ်စစ်ဆိုတာ မရှိ ဘူး။ မျက်စိနဲ့ မြင်မှယုံမယ်လို့ ပြောကြရင် ဘယ်လိုပြမလဲ။ မျက်စိနဲ့ မမြင်ရသော်လည်း ရှိကြောင်းကို တခြားနည်းလမ်းတွေနဲ့ သက်သေပြလို့ရတယ်။ ဥပမာ – မီးလင်းတယ်၊ ပန်ကာတွေ လည်တယ်။
ကျွန်တော်တို့ ပြောနေတဲ့ အသံကိုချဲ့ပေးတယ်။ ကတ်ဆက်တိတ်ခွေနဲ့ ဖမ်းထားတယ် စသဖြင့် လျှပ်စစ်စွမ်းအင်ကို အသုံးချပြီး လုပ်နေရတာ၊ လျှပ်စစ်ဆိုတာ မျက်စိနဲ့လည်းမမြင်ရဘူး။ နား နဲ့လည်းမကြားရဘူး။ အဲဒါ စမ်းကြည့် ချင်ရင်တော့ တစ်လမ်းပဲရှိတယ်။ လက်တွေ့မှ၊ မျက်တွေ့ မှဆိုတဲ့ လူတွေအတွက် မယုံရင် ကိုင်ကြည့်လိုက်၊ တစ်ခါတည်း သေသွားမယ်။